image1 image2 image3 image3 image3

The Tragedy of Aung-da-gon 3 Ferry Sunk

In March 13, 2015, a 'overloaded' ferry, Aung-Da-Gon 3, sank off with more than 300 passengers .169 passangers were rescued and alive, and 69 dead bodies were found up to March 16, 2015.

ငိုသံလွှမ်းခဲ့သောနေ့ တစ်နေ့

သားရွှေဦး (ကစ္ဆပ)

၂၀၁၅ မတ်လ ၁၄ မွန်းလွဲ ၃ နာရီ အချိန်~~~



မွန်းလွဲ ၂ နာရီကတည်းက စစ်တွေမြို့ အမြန်ရေယာဉ်ဆိပ်ကမ်းတွင် လူရာချီရှိနေပြီ။အားလုံး ၏ မျက်နှာတွင် စိုးရိမ်မှုများကိုဖုန်းကွယ်မရ။တစ်ချို့ဆိုလျင် မျက်ရည်သုပ်နေကြသည်ကိုမြင်တွေ့ရသည်။ သင်္ဘောနစ်မြုပ်ရာမှ လွတ်မြောက်လာသူ များ အား ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့်သယ်လာမည်ကိုကြားသဖြင့်
မျော်နေကြခြင်းဖြစ်သည်။

ရွှေပြည်တန် အမြန်ရေယာဉ် ဆိုက်လာတော့ ကမ်းပေါ်တွင် လူတွေထောင်ချီရှိသွားပြီ။ သင်္ဘောက တက်လာသည့်သူများ၏ မျက်နှာမှာတော့မျက်ရည်စီးကြောင်းများ ထင်ထင်ရှားရှားမြင်တွေ့ရသည်။ အသက်ဘေးမှလွတ်မြောက်လာသောသူများက မိသားစုများနှင့်တွေ့သည့်အခါ ငိုကြွေးသံများက
ကြားရသူများကိုရင်နင့်ခံစားစေပါသည်။

အသက်ဘေးမှ လွတ်မြောက်လာသူများထဲမှ ၁၅ နှစ်အရွယ် ခိုင်သိန်းအောင်က “သင်္ဘာက ရုတ်တရက်ဘယ်ဘက်ကိုတိမ်းစောင်းသွား တယ်။စောင်းတဲ့အချိန်မှာသင်္ဘောအပေါ်ထပ်ကနေ မြစ်ထဲခုန်ဆင်း လိုက်တယ်။ဒါပေမယ့်သင်္ဘောနဲ့အတူလူတွေအများကြီးပါသွားတယ်။”ဟုဝမ်းနည်းယင်း ပြောသည်။

သားနှစ်ဦးအား ရှင်ပြုရန် အတွက်ကျောက်တော်မြို့နယ်သို့မိသားစုအလိုက်ရွာပြန်လာသည့် ဦးမောင်တင်ဝင်း၏ပြောစကားက ကြားရသူများအဖို့ မျက်ရည်မစို့ဘဲမနေနိုင်ကြတော့။“သားနှစ်ယောက် ပါသွားတယ်။ ပြန်ပေါ်မလာဘူး။ ကိုးနှစ်တစ်ယောက်၊ခုနစ်နှစ်တစ်ယောက်ပေါ့။ ပြီးတော့ ဇနီးလည်း ပါသွားတယ်။ အလောင်းကလည်းမတွေ့သေးဘူး။ တွေ့တဲ့ အလောင်းတွေထဲမှာတော့ ကျွန်တော့်ဇနီးလည်း မပါဘူး။
အခုတော့ ကျွန်တော် တကယ်ရင်ကွဲရပါပြီဗျာ။ ”

အခုလို ရာသီဥတုမျိုးမှာမှ သင်္ဘောက ဘာကြောင့်နစ်ရတာလဲလို့ လူတွေက ရင်ထုမနာမေးမြန်းကြသည်။

“သင်္ဘောသားတချို့ဟာ သင်္ဘောပေါ်မှာ အရက်သေစာ သောက်စားထားကြတဲ့အတွက် အခုလိုမျိုးဖြစ်တာလို့ ဆိုချင်ပါတယ်။ ခရီးသည်တွေက ရေစပြီးဝင်ကတည်းက သင်္ဘောကို ရှေ့ဆက်မသွားဖို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့က ဆက်သွားခဲ့တဲ့အတွက် အခုလိုမျိုးဖြစ်တာပါ။ ကျွန်တော့်မှာ ရှစ်နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ဦး ပါသွားတယ်။ ပြန်ပေါ်မလာဘူး။ ကျွန်တော်တစ်ယောက်တည်း လွတ်မြောက်လာတာပါ။ ပြီးတော့ အခန်းထဲ ပိတ်မိတဲ့ ခရီးသည်တွေ အများကြီးရှိဦးမယ်လို့ ထင်ပါတယ်။ ပြောရရင် ဒီအဖြစ်အပျက်က
မျက်စိကနေ မထွက်ပါဘူးဗျာ။”

အသက်မသေဘဲပြန်လာသူများ ၊သင်္ဘောစီးသူများမှာ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြသည်။ မိမိတို့ရပ်ရွာတွင် အလုပ်အကိုင်မရှိလို့ ရေလုပ်ငန်း ရှိရာဆီသွားပြီးအလုပ်လုပ်ကြသည်။ သင်္ကြန်နီးတော့ ရွာပြန်ကြသည်။ လက်မှတ်ခ သောင်းချီပေးရသည့် အမြန်ရေယာဉ်များကို မစီးနိုင်ဘဲ ငွေသုံးထောင်လောက်သာပေးရသည့်သင်္ဘောအိုနှင့် သာစီးနင်းလိုက်ပါလာခဲ့ကြသူများဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်တွင်သွားရောက်အလုပ်လုပ်ပြီး သင်္ကြန်အမီရွာပြန်လာကြသူများထဲမှ အသက်မသေဘဲလွတ်မြောက်လာသူ ရသေ့တောင်မြို့နယ် ကျောက်ဆုံရွာက မခင်သန်းဌေး (၁၈နှစ်) က “သင်္ဘောက ရုတ်တရက် မြုပ်သွားတာ ဖြစ်ပါတယ်။ တစ်ခုခုကို အက်လို့မြုပ်သွားတာမဟုတ်ဘဲ ရေဝင်လို့ မြုပ်သွားတာပါ။ သင်္ဘောပေါ်မှာကုန်တွေလည်းအများကြီး၊ ခရီးသည်တွေလည်း အများကြီးပါတယ်။ သင်္ဘောနစ်တော့
ခုန်ဆင်းပါတယ်။ ကူးတော့ ညအချိန်မှာ ရေကူးမရတော့ စစ်သားတစ်ယောက်က လာကယ်လို့ အသက်ရှင်တာပါ။ ကမ်းပေါ်ရောက်တော့ လူတွေနည်းနည်းလေးရယ်။ သမီးအနားမှာ ထိုင်နေတဲ့ အဘွားတစ်ဦးကတော့ အခုထိ ရှာမတွေ့သေးဘူး” ဟုပြောရင်းရှိုက်ကြီးတစ်ငင်ငိုကြွေးနေသည်။

ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်၏ ကမ်းမြောင် ဒေသဖြစ်သည်။ မြစ်ချောင်း များစွာက လက်ယှက်သန်း လျက် ရှိကြသည်။ တစ်ရွာနှင့်တစ်ရွာဒေသတစ်ခုနှင့်တစ်ခုကို ရေလမ်းဖြင့်ပင် သွားလာခဲ့ရသည်။
သွားလာနေရဆဲပင်ဖြစ်သည်။လက်ရှိ တွင် မော်တော်ကားလမ်းများရှိလာပြီဖြစ်သော်လည်း ရေလမ်းခရီးကို
အဓိကအားထားနေရသည့်ဒေသများရှိနေဆဲပင်ဖြစ်သည်။ ကားလမ်းများရှိလာပြီမြစ်သဖြင့် ပြည်တွင်းရေကြောင်းခရီးစဉ်အချို့ကို ရပ်နားခဲ့သည့်ခရီးစဉ်များလည်းရှိသည်။ လေးမြို့မြစ်ကြောင်း၊ ကုလားတန်မြစ်ကြောင်း၊ယိုးချောင်းမြစ်ကြောင်းသွား သင်္ဘောခရီးစဉ်များ မရှိတော့။

လက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောခရီးစဉ်များမှာစစ်တွေ-မြောက်ဦး၊ စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် ခရီးစဉ်၊တောင်ကုတ်-မာန်အောင်ခရီးစဉ် ၊ စစ်တွေ-ဘူးသီးတောင်ခရီးစဉ် များကို ပြေးဆွဲပေးလျက်ရှိသည်။ သို့ရာတွင်ယင်းလမ်းကြောင်းများတွင် အမြန်ရေယာဉ်များက ပါပြေးဆွဲပေးနေ ရာငွေကြေးတတ်နိုင်သူများက အချိန်တိုတို ဖြင့် ခရီးပေါက်သည့် အမြန်ရေယာဉ်များကို အားထားသွားလာကြသော်လည်း လက်မှတ် ဈေးနှုန်းမြင့်သည့် အမြန်ရေယာဉ်ကို မစီးနိုင်သည့် ဆင်းရဲသည့်ဒေသခံများက တော့
ပြည်တွင်းရေကြောင်းသင်္ဘော အိုများ ထွက်ခွာမည့်နေ့ကိုေ စာင့်ဆိုင်းသွားကြရသည်။

တောင်ကုတ်-စစ်တွေ ရေလမ်းခရီးမှာ ရေမိုင် ၂၂၄ မိုင်ကွာဝေးပြီး အမြန်ရေယာဉ်ဖြင့်ဆိုလျင် ၁၀ နာရီခန့် သွားရသော်လည်ြး ပည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောနှင့်ဆိုလျင် လမ်းတွင် ညအိပ်
ခရီးသွားလာရသည်။ လက်ရှိ ရခိုင်ရေကြောင်းပို့ဆောင်ရေးတွင် ပြေးဆွဲနေသည့် သင်္ဘောများအနက်
ခေတ်အမီဆုံးသင်္ဘောများမှာ လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ရောက်ရှိလာသည့် တရုတ်သင်္ဘောများ ဖြစ်သည်။ယင်းသင်္ဘောများကို ဖာထဲပြုပြင်ကာပြေးဆွဲနေရခြင်းလည်းဖြစ်သည်။

ယခုဖြစ်စဉ်မှာရာသီဥတု ဆိုရွားသည့်အချိန်မျိုးမဟုတ်ဘဲ ရုတ်တရက်သင်္ဘောပေါက်ကာ ရေ၀င်နစ်မြုပ်ရခြင်းမှာ ဟောင်းနွမ်းနေသည့်သင်္ဘောကိုဆက်သုံးနေခြင်း၏ အကျိုးဆက်ဖြစ်သည်။တောင်ကုတ်- စစ်တွေ ပြည်တွင်းရေကြောင်း သင်္ဘော အောင်တံခွန် (၃)သင်္ဘောနစ်မြုပ်မှုဖြစ်ပွား ခရီးသည် ၁၆၉ ဦးအသက်ရှင်လျက်ကယ်ဆယ်ရရှိပြီးသေဆုံးသူ ၃၄ ဦးအား ရှာဖွယ်တွေ့ရှိထားကြောင်းသိရသော်လည်း သင်္ဘောပေါ်တွင် လက်မှတ်မပါဘဲ စီးနင်းသည့် ခရီး သည်များကရာနှင့်ချီရှိနေသည်ဟုသိရသည်။ယင်းအတွက်ပျောက်ဆုံးစာရင်းမှာ အတိအကျပြောနိုင်ခြင်းမရှိကြောင်းလည်းသိရသည်။

ကျောက်ဖြူမှ ထွက်ခွာလာသည့် အောင်တံခွန်သင်္ဘော(၃) သင်္ဘောသည် ည ၈နာရီခွဲအချိန်တွင် မြို့ပုံမြို့နယ်ငပသုံကျွန်းနှင့် မျောက်ကြိမ်ကျွန်းအနီးအရောက်တွင် ရုတ်တရက် လှိုင်းဒဏ်ကြောင့်ရေယာဉ်တိမ်းစောင်းနစ်မြုပ်ခဲ့စဉ် ရေယာဉ်ဝန်ထမ်း ( ၁၀ ) ဦးနှင့် ခရီးသည်၂၁၄ ဦးခန့်ပါဝင်ကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် လက်ရှိ သေဆုံးသူ နှင့် အသက်ရှင်သူစုစုပေါင်းက ၂၁၃ဦးရှိနေပြီ။ သို့အတွက် သင်္ဘောပေါ်တွင် ခရီးသည်မည်မျှပါသည်ကိုအတည်မပြုနိုင်သေး။သင်္ဘောပေါ်တွင် လက်မှတ် မပါဘဲစီးနင်းသူများရှိနေသဖြင့်သင်္ဘောစီးခရီးသည်စုစုပေါင်း ဦးရေကို အတိအကျ မသိရသေးသဖြင့်အသေအပျောက်စာရင်းမှာ တိုးမြင့်လာနိုင်ကြောင်းလည်းသိရသည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်သိန်းက “အခုလို
အသေအဆုံးများတယ်ဆိုတာ အသက်ကယ်အင်္ကျီမပြည့်စုံလို့ဖြစ်တယ်။

ဒီဒေသမှာဖြစ်နေတာက ခရီးသည် ၂၀၀ လောက်မှာ အသက်ကယ်အင်္ကျီက ၂၀ လောက် အဲလိုပေါ့။ အသက်ကယ်အင်္ကျီ ကိုဝတ်ရမယ်ဆိုပြီး အလေ့မရှိဘူး။ သက်ဆိုင်ရာကလည်း မတိုက်တွန်းဘူး။အခုနစ်မြုပ်တဲ့ သင်္ဘောတွေက နှစ် ၂၀ ကျော် ၃၀ လောက်ရှိပြီ။ ဒီသင်္ဘောတွေကဟောင်းလာပြီ။ဒါကို ဘာမှမဖြစ်ဆိုပြီး
သင်္ဘောသားတွေကလည်းအလဲ မထားဘဲ ဖာထည်းပြုပြင် သုံးလို့အခုလိုဖြစ်တာ။”ဟြုေ ပာသည်။

ကူညီကယ်ဆယ်ရေး အဖွဲ့များ စစ်တွေပြန်ရောက်တော့သူတို့၏မှတ်တမ်းဓါတ်ပုံများမှာ မြင်တွေ့ရသည့် ပုံရိပ်များကကြေကွဲဝမ်းနည်းရပါသည်။ အသက်မဲ့နေသည့်ကလေးငယ် များ၊ သံဃာတော် နှင့်အမျိုးသမီးအလောင်းများက မကြည့်ရက်စရာ။ယခုလိုအဖြစ်ဆိုးမျိုး လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကလည်း ဖြစ်ခဲ့သေးသည်။ယင်းအချိန်ကအောင်တံခွန် အမှတ်(၂) သင်္ဘောသည် စစ်တွေမှ တောင်တုတ်သို့ကျွန်းပတ်ခရီးစဉ် ပြေးဆွဲနေစဉ် နောင်တော်မြစ်အတွင်း ရေကြောင်းလမ်းလွဲကာသံသမ ကျောက်ဆောင်ကို ၀င်တိုက်မိပြီး သင်္ဘော ခေါင်းပိုင်းပေါက်ကွဲသွားကာရေ၀င်သဖြင့် ခရီးသည် အားလုံး၏ အသက်ကိုကယ်နိုင်လိုက်သော်လည်း
ပစ္စည်းတန်ဖိုးသိန်း(၇၀၀) ဖိုးခန့်ဆုံးရှုံးခဲ့သည်။

နောင်တော်မြစ်သည် လှိုင်း၊ရေစီးပြင်းထန်သဖြင့် ခရီးသွားများ ကသတိပြုသွားရသည့်မြစ်တစ်ခုဖြစ်သည်။ ယင်းသို့အန္တရာယ်ရှိသည့်မြစ်ကိုဖြတ်ကူးသွားရသည့် ခရီးကို သင်္ဘောအိုများဖြင့်ပြေးဆွဲပေးနေခြင်းပင်လျင်
လူအသက်ပေါင်းများစွာကို သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ယခုဖြစ်ရပ်မျိုးနောင်တစ်ကြိမ်မဖြစ်ရလေအောင် ယခုဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရနှင့်ဝန်ကြီးဌာန များကလည်း ပြင်ဆင်စရာရှိသည်များကိုအချိန်မီပြင်ဆင်ရပါမည်။ ခရီးသွားပြည်သူများ မျက်ရည်မကျစေလိုတော့ပါ။

အခုလိုအဖြစ်ဆိုးများမှ ကင်းလွတ်ခွင့်ပေးကြပါလို့ပြောပါရစေ။
သားရွှေဦး(ကစ္ဆပ)

၂၀၁၅ မတ်လ ၁၆ရက်ထုတ် Dailyeleven သတင်းစာမှ ကူးယူပြန်လည်ဖော်ပြသည်

Share this:

CONVERSATION

0 comments:

Post a Comment